အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်း
နိဒါန်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်တော်၏ အုပ်ချုပ်ရေးယန္တရားဖြစ်စဉ်ကို ပြန်လည်လေ့လာ ရာတွင် ကိုယ့်ထီး၊ ကိုယ့်ကြငှာန်းဖြင့် စနစ်တကျရှိစဉ်အခါကတည်းက နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားသည် မူးကြီးမတ်ရာသေနာပတိ၊ မြို့စား၊ နယ်စား၊ ရွာစားစသည်တို့ကိုမဏ္ဍိုင်ပြု၍ ဘုရင်စနစ်ဖြင့်အုပ်ချုပ်ခဲ့ပါသည်။ ဗြိတိသျှကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်မှုကြောင့် နိုင်ငံတော် အာဏာ လုံးဝလက်လွှတ် ဆုံးရှုံးခဲ့ရပြီး ကိုလိုနီ အုပ်ချုပ်ရေးစနစ်ကို သွတ်သွင်းအုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်ကပင် အုပ်ချုပ်ရေးယန္တရားအား ပြည်ထဲရေးဝန်ကြီး ဌာနဝန်ထမ်းများကို မဏ္ဍိုင်ပြု၍ လည်ပတ် စေခဲ့ပြီး တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၊ အခွန်တော် ကောက်ခံရေး၊ စည်ပင်သာယာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများကို အစိုးရအဆက်ဆက်က တာဝန်ပေးအပ်သည့်အတိုင်း ဆောင်ရွက်ခဲ့ရပါသည်။
ကိုလိုနီခေတ် မြန်မာနိုင်ငံအုပ်ချုပ်ရေး
၂။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား ကျူးကျော်စစ်(၃) ကြိမ်ဆင်နွှဲခဲ့ရာ ၁၈၂၄ ခုနှစ်၊ ပထမအကြိမ် ကျူးကျော်စစ်တွင် ရခိုင်နှင့်တနင်္သာရီဒေသကို သိမ်းပိုက်ခဲ့ပြီး ၎င်းဒေသများတွင် ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေးစနစ် စတင်ခဲ့ပါသည်။ ရခိုင်ဒေသအုပ်ချုပ်ရေးကို ဘင်္ဂလားအစိုးရအုပ်ချုပ်ရေး လက်အောက်တွင် ထားရှိခဲ့ပြီး တနင်္သာရီကို အိန္ဒိယဘုရင်ခံချုပ်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိပါသည်။ ဒုတိယ ကျူးကျော်စစ် ဖြစ်ပွားသည့် ၁၈၅၂ ခုနှစ်တွင် ပဲခူးဒေသကို ထပ်မံသိမ်းပိုက်ခဲ့ပြီး ရခိုင်၊ တနင်္သာရီနှင့် ပဲခူးဒေသကို “ဗြိတိသျှ မြန်မာနိုင်ငံ” အဖြစ်ဖွဲ့စည်းကာ ဝန်ရှင်တော်မင်းကြီး (Commissioner) က အုပ်ချုပ်ခဲ့ပါသည်။ ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး အထက်မြန်မာ နိုင်ငံကိုပါဗြိတိသျှတို့ကသိမ်းပိုက်ခဲ့ရာ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာသည် လုံးဝဆုံးရှုံးခဲ့ရသည်။ ထို့နောက်အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့အား ပြန်လည်ပေါင်းစည်းပေးခဲ့ပြီး အိန္ဒိယဘုရင် ခံချုပ်ကခန့်အပ်သော “မဟာဝန်ရှင်တော်မင်းကြီး” (Chief Commissioner)က တာဝန်ယူအုပ်ချုပ်ခဲ့ပါသည်။
၁၈၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအား ဒုတိယဘုရင်ခံ အုပ်ချုပ်သည့် ပြည်နယ်အဖြစ် တိုးမြှင့်လိုက်ပြီး ၁၉၀၈ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းဝန်များရုံး “ကိုဓဥပဒေ” ပြဋ္ဌာန်း၍ ၎င်းဥပဒေအရ အတွင်းဝန်ချုပ်သည် အစိုးရအဖွဲ့ကို တာဝန်ခံ၍ အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၁၉ ခုနှစ်တွင် အိန္ဒိယစီရင်အုပ်ချုပ်မှုဥပဒေအရ ဗြိတိသျှအစိုးရမှ မြန်မာနိုင်ငံကိုအုပ်ချုပ်ရေး အဆင့်မြှင့်တင်ပေး ချိန်တွင် မြန်မာမျိုးချစ်တို့၏ ကြိုးပမ်းမှုကြောင့် ၁၉၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသည် အခြားသော အိန္ဒိယနိုင်ငံ ပြည်နယ်များကဲ့သို့ ဒိုင်အာခီ အုပ်ချုပ်ရေး ရရှိခဲ့ပါသည်။ ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရ အက်ဥပဒေ (The Government of Bumar Act-1935) အရ ၉၁- ဌာနအုပ်ချုပ်ရေးဖြင့် အုပ်ချုပ်စေခဲ့ပါသည်။
၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံဗဟိုအစိုးရလက်အောက်ခံပြည်နယ်အဖြစ်မှ ခွဲထွက်ပြီးနောက် မြန်မာနိုင်ငံ အစိုးရအဖြစ် အုပ်ချုပ်မှုဝန်ကြီးဌာနများကိုဖွဲ့စည်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင်(၁၀)ဌာနရှိခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန အကြီးအကဲမှာ အတွင်းဝန်ချုပ်ဖြစ်၍ ဗဟိုအစိုးရကိုယ်စား တိုင်းမင်းကြီးရုံး၊ ခရိုင်ဝန်ရုံး၊ နယ်ပိုင်ဝန်ထောက်ရုံး၊ မြို့ပိုင်ရုံးများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၃။ ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဂျပန်လက်အောက်သို့ ရောက်ရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး ဂျပန်များဆုတ်ခွာသွားချိန်တွင် အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာကာ ၁၉၄၅ ခုနှစ်အကုန်တွင် မြို့အုပ်ချုပ်ရေး {Civil Affairs Service Burma (CAS) (B)} အဖွဲ့ဖြင့် အုပ်ချုပ်ခဲ့ပါသည်။
ပါလီမန်ဒီမိုကရေစီစနစ်အုပ်ချုပ်ရေး
၄။ မြန်မာလူမျိုးတို့၏ စည်လုံးညီညွတ်မှုနှင့် ကြိုးပမ်းမှုတို့ကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရောက်ရှိခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ တော်ကို ထူထောင်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ ကာလသည် ဖဆပလခေတ် ပါလီမန်အုပ်ချုပ်ရေးကာလဟု သတ်မှတ်နိုင်ပါသည်။ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှု ကိစ္စအဝဝကို ဆောင်ရွက်ရန် ဝန်ကြီးဌာန(Functional Ministries) များဖွဲ့စည်းရာတွင် ပြည်ထဲရေးဝန်ကြီး ဌာနပါဝင်ပြီး ဝန်ကြီးဌာနတစ်ခုချင်းအလိုက် လုပ်ငန်းများအကောင်အထည် ဖော်နိုင်ရန်အတွက် အတွင်းဝန်များရုံးကိုလည်း ဖွဲ့စည်းထားပါသည်။
၅။ ပြည်မတွင်နိုင်ငံတော်အစိုးရအဖွဲ့ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာနက အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို စီမံဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်သူ့ရဲတပ်ဖွဲ့ကို အခြေခံထား၍ စီမံခန့်ခွဲပါသည်။ ဝန်ကြီးက အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒများချမှတ်၍ အတွင်းဝန်က လုပ်ငန်းများ အောင်မြင်ရေးအတွက် ကြီးကြပ်ကွပ်ကဲ၍ အကောင်အထည်ဖော်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံဝန်ထမ်း (Burma Civil Service) များ ဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် ဝန်ကြီးဌာနအသီးသီးနှင့် အတွင်းဝန်ရုံးအဖွဲ့များတွင် အတွင်းဝန်၊ ဒုတိယ အတွင်းဝန်နှင့် အတွင်းဝန်ကလေးများ ဖြစ်လည်းကောင်း၊ နယ်များတွင် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်၊ လက်ထောက် မြို့ပိုင်များအဖြစ်လည်းကောင်း၊ ခန့်အပ်တာဝန်ပေး၍ လုပ်ငန်းများကို ဆောင်ရွက်စေပါသည်။ အဆိုပါကာလတွင် ပြည်ထဲရေးဝန်ကြီးဌာန၌ အောက်ပါ ဌာနခွဲများ ဖွဲ့စည်းထားပါသည်-
- (က) အထွေထွေအုပ်ချုပ်ရေးဌာနခွဲ
- (ခ) ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဌာနခွဲ (မြူနီစပယ်နှင့် ဒိစတြိတ်ကောင်စီများ)
- (ဂ) ပြည်သူ့ရဲတပ်ဖွဲ့
- (ဃ) အထူးစုံစမ်းစစ်ဆေးရေးဌာနခွဲ
- (င) လူဝင်မှုကြီးကြပ်ရေးဌာနခွဲ
- (စ) အမျိုးသားမှတ်ပုံတင်ဌာနခွဲ
- (ဆ) သန်းခေါင်စာရင်းဌာနခွဲ
- (ဇ) မီးသတ်ဌာနခွဲ
- (ဈ) ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲ
- (ည) ရာထူးဝန်အဖွဲ့
- (ဋ) ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း
- (ဌ) သာသနာရေးဌာနခွဲ
- (ဍ) ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယဌာနခွဲ
၆။ ၁၉၄၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများသည် ဝန်ကြီးဌာန အများအပြားကို တာဝန်ခံ၍ အောက်ပါအုပ်ချုပ်ရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့ပါသည်-
- (က) ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံ၍ ကျေးရွာမြို့ပြအုပ်ချုပ်ရေး (ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး)ဆိုင်ရာလုပ်ငန်းများနှင့် အထွေထွေအုပ်ချုပ်ရေး လုပ်ငန်းများ
- (ခ) တရားရေးဝန်ကြီးဌာနကို တာဝန်ခံ၍ ရာဇဝတ်မှုနှင့် ပြစ်မှုကြိုတင်ကာကွယ်ရေး၊ မှုခင်းဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းများ
- (ဂ) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို တာဝန်ခံ၍ မြေယာအုပ်ချုပ်ရေး၊ ယစ်မျိုး အုပ်ချုပ်ရေး၊ ငွေတိုက်အုပ်ချုပ်ရေးလုပ်ငန်းများ
- (ဃ) လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဝန်ကြီးဌာနကို တာဝန်ခံ၍ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းများ
- (င) ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဒေသန္တရဝန်ကြီးဌာနကို တာဝန်ခံ၍ မြူနီစပယ်၊ မြို့ကော်မတီ၊ ဒိစတြိတ်ကောင်စီနှင့် ခရိုင်အုပ်ချုပ်သော ဒေသန္တရအဖွဲ့များဆိုင်ရာလုပ်ငန်းများ
- (စ) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို တာဝန်ခံ၍ သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းနှင့် လူမှုဝန်ထမ်းလုပ်ငန်းများ
- (ဆ) နိုင်ငံတော်အစိုးရမှပေးအပ်သော အခြားတာဝန်များ
၇။ ၁၉၅၇ ခုနှစ်တွင် အတွင်းဝန်ချုပ်၏ လုပ်ငန်းတာဝန်များကို ပြန်လည်သတ်မှတ်ရာ၌ အတွင်းဝန်ချုပ်၏ ပင်ရင်းဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအစား ဝန်ကြီးချုပ်ရုံးလက်အောက်သို့ လွှဲပြောင်းသတ်မှတ် ခဲ့ပါသည် ။ ၁၉၅၈ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှစ၍ အတွင်းဝန်ချုပ်ကို နိုင်ငံတော် ဝန်ကြီးချုပ်ရုံး လက်အောက်သို့ လွှဲပြောင်းပေးလိုက်ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် သည် အထွေထွေ အုပ်ချုပ်ရေးလုပ်ငန်းများ၏ အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည် ။
၈။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၂ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် တပ်မတော်က ဦးဆောင်၍ လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီအဆင့်ဆင့်ကို အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ ပါဝင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကောင်စီ၏ အုပ်ချုပ်မှုအာဏာများကို ကိုယ်စားပြု ဆောင်ရွက်စေခဲ့ပါသည်။ တော်လှန်ရေးကောင်စီ၏ ၁၅-၃-၁၉၇၂ ရက်စွဲပါ ကြေညာချက်အမှတ် (၉၇) အရ အုပ်ချုပ်ရေး စနစ်သစ်ကို ဖော်ထုတ်ခဲ့ပြီး အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့ ပါသည်-
- (က) ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရား၏ အခြေခံဖြစ်သည့် အတွင်းဝန်များရုံးကို ဖျက်သိမ်းပြီး ဝန်ကြီးဌာနများကို ပြုပြင်ဖွဲ့စည်းခြင်း
- (ခ) ဝန်ကြီးဌာန တစ်ခုချင်းစီတွင် ပါဝင်သော အစိုးရအဖွဲ့အစည်းများကို ပြုပြင်ဖွဲ့စည်းခြင်း
- (ဂ) အတွင်းရုံးလက်စွဲကို ရုပ်သိမ်း၍ အစိုးရလုပ်ကိုင်ပုံ နည်းစနစ်များကို အသစ်ပြန်လည် ဖွဲ့စည်းခြင်း
- (ဃ) လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအဆင့်ဆင့်ကို ပြုပြင်ဖွဲ့စည်းခြင်း
၉။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် တပ်မတော်က ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းများပါဝင်သော လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ပြည်နယ်များတွင် ကချင်၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်ကောင်စီများကို ဖျက်သိမ်း၍ ပြည်နယ်ဦးစီး အဖွဲ့များအဖြစ် ပြင်ဆင်ဖွဲ့စည်းကာ အထွေထွေအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အောက်ပါ အတိုင်း စီမံခန့်ခွဲခဲ့ပါသည်-
- (က) ပြည်မတွင် ပြည်ထဲရေးဝန်ကြီးဌာနက စီမံခန့်ခွဲသည်
- (ခ) ပြည်နယ်များတွင် ပြည်နယ်ဦးစီးအဖွဲ့က စီမံခန့်ခွဲသည်
- (ဂ) နယ်ခြားဒေသ တိုင်း(၃)တိုင်း၊ ခရိုင်(၇)ခု နှင့် မြို့နယ်ကို နယ်ခြားဒေသ အုပ်ချုပ်ရေးဌာနက စီမံခန့်ခွဲသည်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစတင်ဖွဲ့စည်းခြင်း
၁၀။ မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည့် အုပ်ချုပ်ရေးစနစ်သည် အခြေခံအားဖြင့် ကိုလိုနီအုပ်ချုပ်ရေး စနစ်ကို ပြုပြင်ထားသည့် စနစ်သာဖြစ်သည့်အလျောက် တိုင်းရင်းသားလူမျိုးတို့၏ အကျိုးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရန် ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ၏ ၁၅-၃-၁၉၇၂ ရက်စွဲပါကြေညာချက်အမှတ် (၉၇)အရ အုပ်ချုပ်ရေး စနစ်သစ်ကို ဖော်ထုတ်ခဲ့သည် ။ ပြည်ထဲရေးဝန်ကြီးဌာနအား ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် သန်းခေါင်းစာရင်း ဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည် ။ အဆိုပါ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနအောက်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို သီးခြားဌာနတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည် ။ ယခင် ဆောင်ရွက်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်း၊ စည်ပင်သာယာရေးလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း၊ စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ရုံးချုပ်၊ ပြည်နယ်၊ တိုင်းရုံးနှင့် မြို့နယ်ရုံးများဟူ၍ အဆင့်ဆင့်ဖွဲ့စည်းပါသည် ။
၁၁။ အုပ်ချုပ်ရေးစနစ်သစ်အရ နယ်ဘက်အုပ်ချုပ်ရေးဝန်ထမ်းများဖြစ်သော တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင် မြို့ပိုင်များမှ ထမ်းဆောင်လျက်ရှိသည့် ရာဇဝတ်တရားစီရင်ရေး၊ မြေနှင့် အခွန်အုပ်ချုပ်ရေး၊ ငွေတိုက်အုပ်ချုပ်ရေး၊ စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ အောက်ရှိ ဦးစီးဌာနအသီးသီးသို့ အောက်ပါအတိုင်း လွှဲပြောင်းပေးအပ်ခဲ့ပါသည်-
- (က) ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံလုပ်ကိုင်ရသော အထွေထွေအုပ်ချုပ်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှအပ ရဲလက်စွဲနှင့် လက်နက်ဥပဒေပါ လုပ်ငန်း တာဝန်များကို ပြည်သူ့ရဲတပ်ဖွဲ့သို့လည်းကောင်း
- (ခ) အကျဉ်းထောင်လက်စွဲပါ လုပ်ငန်းများကို အကျဉ်းဦးစီးဌာနသို့လည်းကောင်း
- (ဂ) နိုင်ငံခြားသားများ မြန်မာနိုင်ငံသားဖြစ်မှု စည်းမျဉ်းဥပဒေပါလုပ်ငန်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့လည်းကောင်း
- (ဃ) အထက်မြန်မာပြည် ကျောက်မျက်ရတနာ စည်းမျဉ်းဥပဒေပါလုပ်ငန်းများကို သတ္တုတွင်း ဝန်ကြီးဌာနသို့လည်းကောင်း
- (င) စက်ရေနွေးအိုးဥပဒေပါ လုပ်ငန်းများကို အလုပ်ရုံစစ်ဆေးရေးဦးစီးဌာနသို့ လည်းကောင်း
- (စ) စိတ္တဇရောဂါ၊ အနာကြီးရောဂါ အက်ဥပဒေပါလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနသို့ လည်းကောင်း
- (ဆ) တရားရေးဝန်ကြီးဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသောရာဇဝတ် တရားစီရင်ရေး ပြစ်မှုဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တရားရေးဝန်ကြီးဌာနသို့ လည်းကောင်း
- (ဇ) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသောလုပ်ငန်းများကို ပြည်တွင်းအခွန်များဦးစီးဌာနသို့လည်းကောင်း
- (ဈ) ငွေတိုက်နှင့် လက်အောက်ငွေတိုက်လုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်သို့ လည်းကောင်း
- (ည) လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသော မြေနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများစာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပါ လုပ်ငန်းများကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသို့လည်းကောင်း လွှဲပြောင်းပေးခဲ့ပါသည်
၁၂။ ယင်းသို့ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသို့ လွှဲပြောင်း ပေးခဲ့ပြီးနောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များသည် အောက်ပါအတိုင်း ပြောင်းလဲသွားခဲ့ပါသည်-
- (က) မြို့ပြနှင့် ကျေးလက်ဒေသအုပ်ချုပ်ရေး
- (ခ) ကျေးလက်ဒေသဖွံ့ဖြိုးရေး
- (ဂ) စာပေစိစစ်ရေးနှင့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်ရေး
- (ဃ) ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များ
- (င) ဦးစီးဌာနတစ်ခုလုံး၏ ဝန်ထမ်းရေးရာ၊ ငွေစာရင်းနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်း တာဝန်များ
- (စ) ဝန်ကြီးဌာနကပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များ
၁၃။ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းပြီးနောက် ခရိုင်အဆင့်၊ ခရိုင်ခွဲအဆင့်နှင့် မြို့နယ်ခွဲအဆင့်များကို ဖျက်သိမ်းခဲ့ပါသည် ။ စီမံခန့်ခွဲရေးအဆင့်အနေဖြင့် ပြည်နယ်၊ တိုင်း၊ မြို့နယ် များအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး လုပ်ငန်းပမာဏနှင့် လူဦးရေပေါ်အခြေခံ၍ ရုံးများကို (က)အဆင့်၊ (ခ)အဆင့်၊ (ဂ) အဆင့်ဟူ၍ သတ်မှတ်ခဲ့ပါသည် ။
၁၄။ ၂-၃-၁၉၇၄ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့ကောင်စီဥပဒေကို ပြဋ္ဌာန်း၍ ပြည်နယ်၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းပါသည် ။ ၂-၈-၁၉၇၆ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက ကြေညာချက်အမှတ် (၅/ ၇၆)ကို ထုတ်ပြန်၍ ပြည်သူ့ကောင်စီ အဆင့်ဆင့်၏ အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်အား တာဝန်နှင့်လုပ်ပိုင်ခွင့်များ အပ်နှင်းခဲ့ရာ ယခင်တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင်တို့၏ လုပ်ပိုင်ခွင့်များ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကိစ္စအရပ်ရပ် သို့မဟုတ် ဌာနဆိုင်ရာလုပ်ငန်းတာဝန်အရပ်ရပ်တို့သည် ပြည်သူ့ကောင်စီအလုပ် အမှုဆောင် အဖွဲ့အဆင့်ဆင့်ထံသို့ ရောက်ရှိသွားပါသည် ။
၁၅။ ၁၁-၁၂-၁၉၇၆ ရက်နေ့တွင်ကျင်းပသော နိုင်ငံတော်ကောင်စီ၏ (၆၀)ကြိမ်မြောက် အစည်း အဝေးတွင် ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အခြေခံရုံးများအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်ကို နိုင်ငံတော်ကောင်စီအောက်သို့ လွှဲပြောင်းပေးအပ်ရန် ဆုံးဖြတ်ခဲ့ပါသည် ။ ဝန်ကြီးအဖွဲ့၏ ၁၈-၃-၁၉၇၇ ရက်စွဲပါအမိန့်ကြော်ငြာစာ (၃/၇၇) ဖြင့် ၁၉၇၇ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ မှစ၍ အထွေထွေအုပ်ချုပ်ရေး ရုံးအဆင့်ဆင့်သည် ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အခြခံရုံးများအဖြစ်လွှဲပြောင်းရယူပြီး ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနတွင် ကျန်ရှိသည့် အထွေထွေဌာနခွဲ၊ စည်ပင်သာယာရေးဌာနခွဲ၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲများ၏ လုပ်ငန်းများဆောင်ရွက်ရန် ၁-၄-၁၉၇၇ ရက်နေ့မှစ၍ အထွေထွေဦးစီးဌာနဟု ပြင်ဆင်ခေါ်ဝေါ်ဖွဲ့စည်းခဲ့ပါသည် ။
၁၆။ ၁၈-၉-၁၉၈၈ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့ပြီး အမိန့်အမှတ်(၁/၈၈)ဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည် ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရုံးမှ ဝန်ထမ်းရာထူးအင်အား (၁၇၄)နေရာနှင့် ယခင် ပြည်နယ်/ တိုင်းနှင့် မြို့နယ်ပြည်သူ့ကောင်စီရုံးများရှိ ဝန်ထမ်းရာထူး (၂၆၁၄၀)နေရာ၊ စုစုပေါင်း (၂၆၃၁၄) နေရာကို ယင်းရာထူးနေရာသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများ နှင့်အတူ ၁-၁၁-၁၉၈၈ ရက်နေ့မှစ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေဦးစီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးသည့် အမိန့်ထုတ်ပြန်ခဲ့ပါသည် ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄/၈၈)ဖြင့် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေဦးစီးဌာနကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟု ၇-၁၁-၁၉၈၈ ရက်နေ့မှစ၍ ပြင်ဆင်သတ်မှတ်ခဲ့ပါသည် ။ ယင်းကိုအစွဲပြု၍ နှစ်စဉ်နိုဝင်ဘာ ၇ ရက်နေ့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အဖြစ် ကျင်းပလျက်ရှိပါသည် ။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကာလ အုပ်ချုပ်ရေးပြုပြင်ခြင်း
၁၇။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တာဝန်ယူထားသည့်အားလျော်စွာ ပြည်နယ်/တိုင်းနှင့် မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်စေရေးတို့ကို ဆောင်ရွက်နိုင်ရန် ပြည်နယ်/တိုင်း ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့များကို ကြေညာချက်(၅/၈၈)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ ပြည်နယ်/ တိုင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအထွေထွေဦးစီးဌာနမှူးသည် အဖွဲ့ဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည် ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးလုပ်ငန်းများ ပိုမိုချောမွေ့ လျင်မြန် စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စုငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာအချက်အမှတ် (၇/၈၈)ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည် ။ ပြည်နယ်/ တိုင်း ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးသည် မြို့နယ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာပါသည် ။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၈-၁၁-၁၉၈၉ ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် မြို့နယ်စုရုံး(၅၀)ဖွဲ့စည်းခဲ့ပါသည် ။ ထို့အပြင် မြို့နယ်ငြိမ်ဝပ် ပိပြားတည်ဆောက်ရေးအဖွဲ့များကို ဥက္ကဋ္ဌအဖြစ် တပ်မတော်အရာရှိ၊ အဖွဲ့ဝင်များအဖြစ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက ဆောင်ရွက်ပြီး အတွင်းရေးမှူး အဖြစ် ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သူတို့ပါဝင်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြား တည်ဆောက်ရေး အဖွဲ့၏ ကြေညာချက် (၅/၈၈) ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည် ။
၁၈။ ရပ်ကွက်/ ကျေးရွာအုပ်စုမှ ကြည်ညိုလေးစားသူ အဖွဲ့ဝင် (၃) ဦး၊ ရပ်ကွက်/ ကျေးရွာအုပ်စု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်းစာရေး(၁)ဦးတို့ပါဝင်သော ရပ်ကွက်/ ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ကြေညာချက် (၇/၈၈)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည် ။
၁၉။ ထို့နောက် ၁၉၉၂ ခုနှစ်တွင် အနာဂတ်ကာလစီမံခန့်ခွဲရေးယန္တရားကို မျှော်မှန်း၍ အုပ်ချုပ်ရေး အဖွဲ့အစည်းများအား အလေ့အကျင့်ရရှိနိုင်ရန် အလို့ငှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့၏ ကြေညာချက်(၁၄/၉၂)ဖြင့် မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိများအား ဥက္ကဋ္ဌတာဝန်ပေးအပ်၍ ဖွဲ့စည်းခဲ့ပါသည် ။ ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၏ ၇-၁၀-၉၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် မြို့နယ်စုရုံးများကို ခရိုင်ရုံးများ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါသည် ။
၂၀။ နိုင်ငံတော်တွင် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် အမြန်ဆုံးဖြစ်ထွန်း တည်ထောင် နိုင်စေရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို ၁၅-၁၁-၉၇ ရက်စွဲပါ ကြေညာ ချက်အမှတ် (၁/၉၇)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည် ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကိုလည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကိုလည်းကောင်း၊ အရှိန် အဟုန် မပြတ်ဆောင်ရွက်နိုင်ရန်နှင့် နောင်တွင်ကျင့်သုံးမည့် စီမံခန့်ခွဲရေးယန္တရားကို မျှော်မှန်း၍ ပြည်နယ်/တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများကို နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက်အမှတ် (၂/၂၀၀၆)ဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ ပြည်နယ်/တိုင်းအုပ်ချုပ်ရေးမှူးများသည် အဖွဲ့ဝင်အဖြစ်မှ အတွင်းရေးမှူးတာဝန်ကို ပြောင်းလဲ ထမ်းဆောင်ခဲ့ပါသည် ။ အလားတူ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက်အမှတ် (၂/၂၀၀၆)အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး များသည် ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင် ရပါသည် ။ မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဆင့်တွင်မူ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရပါသည် ။ ရပ်ကွက်/ကျေးရွာအေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီကို ရပ်ကွက်/ ကျေးရွာအုပ်စုမှ အများကြည်ညို လေးစားသူ အဖွဲ့ဝင်(၂)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်းစာရေး (၁)ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ပါသည် ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက်(၃/၂၀၀၆)ဖြင့် ခရိုင်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် ခရိုင်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရပါသည် ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ကာလ (ယနေ့ခေတ်)
၂၁။ ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အဓိကရည်မှန်းချက်မှာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာရေးဖြစ်ပါသည် ။ ယင်းသို့ ပေါ်ထွန်းရေးအတွက် ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်သည် ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်(Road map)(၇)ရပ်ကို ချမှတ်ခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ခဲ့ပါသည် ။ ၂၀၀၈ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည် ။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကျင်းပ၍ လွှတ်တော် အသီးသီး၏ ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ပါသည် ။ ရွေးချယ်ခြင်းခံရသောလွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များ၏ ပထမအကြိမ်လွှတ်တော်အစည်းအဝေးများကို၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ပါသည် ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပုဒ်မ ၄၄၁ အရ ယင်းနေ့မှစ၍ အာဏာတည်ခဲ့ပါသည် ။
၂၂။ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအား သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီဖွဲ့စည်းခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းတို့ကို ၃၀-၃-၂၀၁၁ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည် ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ ကြေညာချက်အမှတ် (၅/၂၀၁၁) ဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီးသည့် အချိန်မှစ၍ ယခင်ကျင့်သုံးခဲ့သည့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကိုလွှဲပြောင်းပေးလိုက်ကြောင်းနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းကြောင်းကြေညာခဲ့ပါသည် ။ ထိုအချိန်မှစ၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သစ်ပေါ်ထွန်းခဲ့ပါသည် ။ ပြည်ထောင်စုအစိုးရ အဖွဲ့နှင့်အတူ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့များ တစ်ပြိုင်နက်တည်း ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါသည် ။
၂၃။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ ကြေညာချက် အမှတ် (၈/၂၀၁၁) ဖြင့် ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လုပ်ငန်းတာဝန်များကို ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်မှစ၍အောက်ပါအတိုင်း လွှဲပြောင်းပေးအပ်ခဲ့ပါသည်-
| (က) ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ | ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး |
| (ခ) မြို့နယ်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ | မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး |
| (ဂ) ရပ်ကွက်/ကျေးရွာအုပ်စုအေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ | ရပ်ကွက်/ကျေးရွာအုပ်စုအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး |
၂၄။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ ကြေညာချက် အမှတ် (၆/၂၀၁၁)အရ ပြည်နယ်၊တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့ကို ဖျက်သိမ်းခဲ့ ပါသည် ။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များတွင် ရွေးချယ်တာဝန်ပေးခံရသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး ဆိုင်ရာပုဂ္ဂိုလ်များကို အာဏာအပ်နှင်းခဲ့ပါသည် ။ ပြည်နယ်/ တိုင်းဒေသကြီးအဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများသည် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ရုံး၊ အစိုးရအဖွဲ့တို့၌ တာဝန်ထမ်းဆောင်ခဲ့ရပါသည် ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံးများ စတင်ဖွဲ့စည်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း (၁၁၂)ဦး၊ အမှုထမ်း(၆၅၈)ဦး၊ စုစုပေါင်း (၇၇၀)ဦးဖြင့် လွှတ်တော်ရေးရာလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည် ။ ၂၂-၁၂-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၆) သဘောတူ ဆုံးဖြတ်ချက်အရ ပြည်ထောင်စုလွှတ်တော်ရုံး၏ ၁၇-၁-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၇)ကို ထုတ်ပြန်၍ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းဖွဲ့စည်းပုံအသစ်အား (၁-၄-၂၀၁၇)ရက်နေ့မှစ၍ သီးခြားဖွဲ့စည်းပုံနှင့် လုပ်ငန်းများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့်ဆင့်မှ ဝန်ထမ်း(၇၇၀)ဦးအနက် ယင်းတို့၏ဆန္ဒအရ လွှတ်တော်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်လိုသည့် အရာထမ်း(၂၃)ဦးနှင့် အမှုထမ်း(၃၇၂)ဦး၊ စုစုပေါင်း(၃၉၅)ဦးအား ပြည်ထောင်စု လွှတ်တော်ရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည် ။
၂၅။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ ကြေညာချက်အမှတ် (၇/၂၀၁၁)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုရှိ ဦးစီးအဖွဲ့များကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းပြီး ယင်းဒေသရှိ ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ကို ဖျက်သိမ်းခဲ့ပါသည် ။ ထိုဒေသတွင်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိပါသည် ။
၂၆။ ထိုသို့လွှဲပြောင်းပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်သည် ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများက ပေးအပ်သောလုပ်ငန်း တာဝန်များ အပြင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့မှ ပေးအပ်သည့် လုပ်ငန်း တာဝန်များကို ထမ်းဆောင်ခဲ့ကြရပါသည် ။
၂၇။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၈)၏ သဘောတူညီချက်အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းခဲ့ပါသည် ။
၂၈။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၁၉/၂၀၂၁)ဖြင့် ၅-၅-၂၀၂၁ ရက်နေ့မှစ၍ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်သို့ ပြန်လည်ပြောင်းရွှေ့ဖွဲ့စည်းခဲ့ပါသည် ။
၂၉။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများကို ခေတ်အဆက်ဆက်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ၁၉၈၈ ခုနှစ်မှ ယနေ့အထိ ရုံးဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
| (က) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) | (၁) ရုံး |
| (ခ) နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး | (၁) ရုံး |
| (ဂ) တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး | (၁၄) ရုံး |
| (ဃ) ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး | (၂) ရုံး |
| (င) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံး | (၁) ရုံး |
| (စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး | (၅) ရုံး |
| (ဆ) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး | (၁၂၁) ရုံး |
| (ဇ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး | (၃၃၀) ရုံး |
| (ဈ) မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး | (၁၇၄) ရုံး |
| (ည) ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး | (၁၇၀၆၉) ရုံး |
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းတာဝန်များ
ရည်မှန်းချက်
၃၀။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံ၍ အောက်ပါ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-
- (က) တရားဥပဒေစိုးမိုးရေး
- (ခ) ရပ်ရွာအေးချမ်းသာယာရေး
- (ဂ) ဒေသဖွံ့ဖြိုးရေး
- (ဃ) ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး
မူဝါဒ
၃၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအားလုံးသည် အောက်ပါဆောင်ပုဒ်ကို မူဝါဒ အဖြစ် လိုက်နာကျင့်သုံးဆောင်ရွက်လျက်ပါသည်-
- (က) နိုင်ငံတော်မူဝါဒ လိုက်နာရေး (Policy)
- (ခ) အခြေခံသဘောတရားနှင့် ကိုက်ညီရေး (Principle)
- (ဂ) လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး (Procedure)
ပင်မလုပ်ငန်းတာဝန်များ
၃၂။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
- (က) မြေယာစီမံခန့်ခွဲခြင်းလုပ်ငန်း
- (ခ) ယစ်မျိုးစီမံခန့်ခွဲခြင်းလုပ်ငန်း
- (ဂ) အခွန်(၄)မျိုးကောက်ခံခြင်းလုပ်ငန်း
- (ဃ) မြို့နှင့်ကျေးရွာများ စနစ်တကျဖွဲ့စည်းရေးလုပ်ငန်း
- (င) ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း
- (စ) အသင်းအဖွဲ့များ ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုရေးလုပ်ငန်း
- (ဆ) ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းလုပ်ငန်း
- (ဇ) မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေဆိုင်ရာ လုပ်ငန်း
အုပ်ချုပ်ရေးမှူးအခေါ်အဝေါ်များ ပြင်ဆင်ခြင်း
၃၃။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ကိုလိုနီခေတ်ကပင် တည်ရှိခဲ့သော အုပ်ချုပ်ရေးအဖွဲ့ အစည်းဖြစ်ပြီး ပြောင်းလဲလာသော အုပ်ချုပ်မှုယန္တရားဖြစ်စဉ်များနှင့်အညီ အုပ်ချုပ်ရေးဆိုင်ရာ အခေါ်အဝေါ်များအား အောက်ပါအတိုင်းအဆင့်ဆင့်ပြင်ဆင်ခေါ်ဝေါ်ခဲ့ပါသည်-
| စဉ် | ကာလ | အခေါ်အဝေါ် |
|---|---|---|
| (က) | ကိုလိုနီအုပ်ချုပ်ရေးလက်ထက်မှ ၁၉၇၂ ခုနှစ် | တိုင်းမင်းကြီး/ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင် |
| (ခ) | ၁၉၇၂ ခုနှစ်နောက်ပိုင်း | ပြည်နယ်/ တိုင်းဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးဌာနမှူး၊ ပြည်နယ်/ တိုင်းရုံးအဖွဲ့မှူး၊ မြို့နယ်ရုံးအဖွဲ့မှူး |
| (ဂ) | ၁၉၉၄ ခုနှစ်နောက်ပိုင်း | ပြည်နယ်/ တိုင်းအုပ်ချုပ်ရေးမှူး၊ ပြည်နယ်ခွဲ/ တိုင်းခွဲအုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး |
| (ဃ) | ၂၀၁၁ ခုနှစ်နောက်ပိုင်း | တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူး |