အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေယာစီမံခန့်ခွဲခြင်းလုပ်ငန်း
မြေယာဌာန၏ လုပ်ငန်းတာဝန်များ
၁။ မြေယာဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
- (က) ဌာနဆိုင်ရာများအတွက်မြေသိမ်းပေးခြင်း၊ မြေလွှဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊
- (ခ) သာသနာရေးနှင့် ဝင်ငွေမရှိသော လူမှုရေးလုပ်ငန်းများအတွက် သာသနာဂရန်၊ အခွန်လွတ်မြေငှားဂရန်ထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များ၊
- (ဂ) ဗဒ္ဓသိမ်ဂရန်ထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များ၊
- (ဃ) နှစ်တို/နှစ်ရှည်မြေငှားဂရန်များထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များ၊
- (င) ရေကန်မြေသတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာကိစ္စရပ်များ၊
- (စ) သုသာန်မြေသတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာကိစ္စရပ်များ၊
- (ဆ) စားကျက်မြေသတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာကိစ္စရပ်များ၊
- (ဇ) ကျေးရွာဘုံမြေသတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာကိစ္စရပ်များ၊
- (ဈ) မြေယာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊
- (ည) နိုင်ငံခြားသားပိုင်မရွှေ့မပြောင်းနိုင်သောမြေကိစ္စများ ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊
- (ဋ) အိမ်ခြံမြေအကျိုးဆောင်များ/ရွှေလုပ်ငန်းရှင်များကြီးကြပ်ရေး အာဏာပိုင် လုပ်ငန်းတာဝန်များ။
မြေယာဌာနမှ နိုင်ငံတော်ကိုယ်စား တည်ဆဲမြေယာစီမံခန့်ခွဲရေးဥပဒေများနှင့်အညီ စီမံခန့်ခွဲလျက်ရှိသော မြေအမျိုးအစားများ
၂။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေယာဌာနမှ နိုင်ငံတော်ကိုယ်စား တည်ဆဲမြေယာစီမံခန့်ခွဲရေးဥပဒေများနှင့်အညီ မြို့မြေ/ရွာမြေ၊ သာသနာမြေ၊ ဗဒ္ဓသိမ်မြေ၊ မြစ်ကမ်း သဲသောင်မြေ၊ ရေကန်မြေ၊ သုသာန်မြေ၊ ကျေးရွာဘုံမြေ/စားကျက်မြေ၊ အစိုးရကစီမံခန့်ခွဲခွင့်ရှိသောမြေများကို စီမံခန့်ခွဲလျက်ရှိပါသည်။
မြေယာစီမံခန့်ခွဲပိုင်ခွင့် အပ်နှင်းထားသောပုဂ္ဂိုလ်များ
၃။ အောက်ပါပုဂ္ဂိုလ်တို့အား မြေယာစီမံခန့်ခွဲပိုင်ခွင့်ကို လုပ်ပိုင်ခွင့်အပ်နှင်းထားပါသည်-
- (က) ဘဏ္ဍာတော်မင်းကြီး (Financial Commissioner) ၏ လုပ်ပိုင်ခွင့်များကို ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလည်းကောင်း၊
- (ခ) တိုင်းမင်းကြီး(Commissioner)၏ လုပ်ပိုင်ခွင့်များကို ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလည်းကောင်း၊
- (ဂ) ကော်လိတ္တော်အရာရှိ/ခရိုင်ဝန်( Collector/ Deputy Commissioner)၏ လုပ်ပိုင်ခွင့်များကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ့်၊ ပလောင်နှင့် ကိုးကန့်ဒေသများတွင် ကော်လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို ယင်းဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီးမှူး (ညွှန်ကြားရေးမှူး)အားလည်းကောင်း၊
- (ဃ) လက်ထောက်ကော်လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလည်းကောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မြေယာစီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုးကား ဆောင်ရွက်လျက်ရှိသောဥပဒေများ
၄။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မြေယာစီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ပါဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ အမိန့်ဆင့်ဆိုချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်-
- (က) ၁၈၇၆ ခုနှစ်၊ မြေနှင့်အခွန်အက်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ဆင့်ဆိုချက်များ၊
- (ခ) ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ၊ အမိန့် ဆင့်ဆိုချက်များ၊
- (ဂ) ၁၈၉၄ခုနှစ်၊ မြေသိမ်းအက်ဥပဒေနှင့် နည်းဥပဒေများ၊
- (ဃ) ၁၈၉၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ဆင့်ဆိုချက်များ၊
- (င) ၁၈၉၅ ခုနှစ်၊ အစိုးရမြေယာချထားရေးအက်ဥပဒေ၊
- (စ) ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော မြေငှားလိုင်စင် (Licence)၊ မြေငှားခြင်း (Lease)နှင့် အပိုင်ဂရန်(Grant) ထုတ်ပေးခြင်းကိစ္စရပ်များ
၅။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစားများကို နိုင်ငံသားများအားလက်ဝယ်ထားခွင့်ပြုရေး၊ အသုံးချခွင့်ရရှိရေးနှင့်စပ်လျဉ်း၍ တည်ဆဲအထက်မြန်မာနိုင်ငံမြေ နှင့် အခွန်စည်းမျဉ်းဥပဒေ၊ မြေနှင့်အခွန်အက်ဥပဒေ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေများ၊အမိန့်ညွှန်ကြားချက်များနှင့်အညီ အောက်ပါလုပ်ငန်းများအား စီမံခန့်ခွဲဆောင်ရွက်ပေးလျက်ရှိပါသည်-
- (က) မြေငှားလိုင်စင်(Licence) ထုတ်ပေးခြင်း၊
- (ခ) မြေငှားဂရန်(Lease)ထုတ်ပေးခြင်း (နှစ်တိုမြေငှားဂရန်- ၁၀နှစ်၊ နှစ်ရှည်မြေငှားဂရန်- ၃၀နှစ်)
၆။ မြို့မြေစီမံခန့်ခွဲခြင်း၌ နိုင်ငံသားများနေထိုင်ရန်၊ အဆောက်အဦဆောက်လုပ်ရန်၊ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အောက်ပါဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်-
- (က) (၁)နှစ်မှ (၃)နှစ် သက်တမ်းရှိ မြေငှားလိုင်စင်(Licence) ထုတ်ပေးခြင်း၊
- (ခ) အဆောက်အအုံခိုင်မာမှုမရှိသောမြေများကို (၁၀)နှစ်သက်တမ်းရှိ နှစ်တို မြေငှားဂရန်၊
- (ဂ) ခိုင်မာသောအဆောက်အအုံများရှိပါက ဆောက်လုပ်မည် ဆိုပါက (၃၀)နှစ် သက်တမ်းရှိ နှစ်ရှည်မြေငှားဂရန်နှင့်
- (ဃ) စီးပွားရေးနှင့်စက်မှုလက်မှုလုပ်ငန်းများအတွက် (၃၀)နှစ်သက်တမ်းရှိ စက်မှု/စီးပွားမြေငှားဂရန်(Lease)ထုတ်ပေးခြင်း။
၇။ နှစ်စဉ်မြေငှားရမ်းခ (Land Revenue) အနေဖြင့် လူနေထိုင်ရန်အတွက် မြေတန်ဖိုးဇုန်နှုန်း သတ်မှတ်ချက်၏ (၆%) သို့မဟုတ် အလားတူ မြေငှားရမ်းခ၏ (၇၅%)ကိုလည်းကောင်း၊ စီးပွားရေးနှင့်စက်မှုလုပ်ငန်းများ မြေနေရာအသုံးပြုရန်အတွက် စက်မှု/စီးပွားမြေငှား ဂရန်ထုတ်ပေးရာတွင် မြေတန်ဖိုးဇုန်နှုန်း သတ်မှတ်ချက်၏ (၆%)အထက်မှ (၁၂%)ထိ လည်းကောင်း သတ်မှတ်ထားပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များဆောင်ရွက်မှု
၈။ မရွှေ့မပြောင်းနိုင်သောပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေမှာ ယခင်က နိုင်ငံခြားသားများပိုင်ဆိုင်ခဲ့သော မြန်မာနိုင်ငံအတွင်းရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း၍ နိုင်ငံခြားသားအဖြစ်တရားဝင်ခံယူထားသော မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားနေ နိုင်ငံခြားသားများ၊ အခြားနိုင်ငံ၌ နိုင်ငံသားအဖြစ်ခံယူထားသူများ မြေယာပိုင်ဆိုင်ခွင့်မရှိစေဘဲ မြန်မာနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရရှိစေရန်အတွက်လည်းကောင်း၊ ယခင်ပိုင်ဆိုင်ခဲ့သော နိုင်ငံခြားသားများ၏ သားစဉ်မြေးမြစ်များကျန်ရှိပါက အမွေဆက်ခံပိုင်ခွင့် ရရှိစေရန်အတွက် လည်းကောင်း၊ ဥပဒေပုဒ်မ-၆(က) အရ အမွေဆက်ခံခွင့်ပြုခြင်း၊ ဥပဒေပုဒ်မ၆(ခ)အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
၉။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာ စိစစ်ရေးအဖွဲ့ကို မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းအရ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (မြေယာဌာန)၊ ညွှန်ကြားရေးမှူးမှ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။