မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ပြည်နှင်လွှဲပြောင်းမည့် နိုင်ငံခြားသားများ၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဌာနဆိုင်ရာပူးပေါင်းအဖွဲ့အား ကြီးကြပ်ဆောင်ရွက်ခဲ့

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ မတ် ၂၅ ရက်တွင် ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့ - မယ်ထော်သလေးနယ်မြေမှ အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား (၁၇၆)ဦး၊ မလေးရှားနိုင်ငံသား (၂၄) ဦး၊ နီပေါနိုင်ငံသား (၄) ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား (၃) ဦး၊ စုစုပေါင်းနိုင်ငံခြားသား (၂၀၇)ဦးတို့ကို ယနေ့တွင် လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး နိုင်ငံခြားသား ၂၃၈ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့သည်။ အဆိုပါ နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မြဝတီခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်း များကို စနစ်တကျ စာရင်းကောက်ယူခြင်းလုပ်ငန်းအား နေ့ချင်းပြီး ဆောင်ရွက်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၈၆၇၀ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ဦးရေ ၅၄၀၇ ကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် နိုင်ငံခြားသား ၃၂၆၃ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။