မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း တရုတ်နိုင်ငံသား(၄၅၆)ဦး လွှဲပြောင်းပေးအပ်ခြင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ မတ် ၆ ရက်တွင် တရားမဝင်နိုင်ငံခြားသား (၄၅၆)ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။ ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် ပြည်ပနိုင်ငံသား အများစုသည် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ် နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများနှင့် ဒုစရိုက်မှုများတွင် ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်းခံခဲ့ကြ ရသူများဖြစ်ကြပြီး ၎င်းတို့၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။