ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ မတ် ၅ ရက်တွင် ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် Online လောင်းကစား မှုများ၊ Online လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် နိုင်ငံခြားသား ၂၅၀ ဦးကို ထပ်မံ စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့သည်။
အဆိုပါ နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မြဝတီခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့်မှတ်တမ်း များကို စနစ်တကျစာရင်း ကောက်ယူခြင်း လုပ်ငန်းအား နေ့ချင်းပြီး ဆောင်ရွက်ခဲ့သည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် မှ မတ် ၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်းဦးရေ ၄၂၄၂ ဦး စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇၅၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ် ခဲ့ပြီး ကျန်ရှိသည့်နိုင်ငံခြားသား ၃၄၈၅ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်း ပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။