ကင်ညာနိုင်ငံသား ၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၂ ဦး၊ နီပေါနိုင်ငံသား ၂ ဦးနှင့် ကင်မရွန်းနိုင်ငံသား ၁ ဦး၊ စုစုပေါင်းနိုင်ငံခြားသား (၈)ဦးအား ထပ်မံလွှဲပြောင်းပေးအပ်ခြင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ စက်တင်ဘာလ ၂၃ ရက်တွင် တရားမဝင် ကင်ညာနိုင်ငံသား ၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၂ ဦး၊ နီပေါနိုင်ငံသား ၂ ဦး နှင့်ကင်မရွန်းနိုင်ငံသား ၁ ဦး၊ စုစုပေါင်းနိုင်ငံခြားသား (၈)ဦးကို မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု နှင့်နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ထပ်မံ၍ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။ ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် နိုင်ငံခြားသားများ၏ ဖွင့်ဟဝန်ခံချက်များ အရ ၎င်းတို့အများစုသည် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခဲ့ပြီး မဲဆောက်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့သို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်နေထိုင်ပြီး မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေး(KK Park) နှင့် ကျောက်ခတ်နယ်မြေများရှိ နိုင်ငံခြားသားများ ငှားရမ်းထားသည့် နေရာ၊ အဆောက်အဦများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုလုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်း ခံခဲ့ကြရ သူများ ဖြစ်ကြသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ စက်တင်ဘာလ ၂၃ ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၉၄၀၄ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၃၁၃ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် နိုင်ငံခြားသား ၉၁ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။