ပြည်နှင်လွှဲပြောင်းမည့် နိုင်ငံခြားသားများ၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဌာနဆိုင်ရာပူးပေါင်းအဖွဲ့အား ကြီးကြပ်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ စက်တင်ဘာလ ၁၈ ရက်တွင် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား(၁၇)ဦးတို့ကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်း ခဲ့သည်။ အဆိုပါ နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မြဝတီခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ လိုအပ်သည့် ကိုယ်ရေးအချက်အလက် များနှင့် မှတ်တမ်းများကို စနစ်တကျ စာရင်းကောက်ယူခြင်းလုပ်ငန်းအား နေ့ချင်းပြီး ဆောင်ရွက်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ စက်တင်ဘာလ ၁၈ ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၉၄၀၄ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၃၀၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် နိုင်ငံခြားသား ၉၉ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်း ပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။