ပြည်နှင်လွှဲပြောင်းမည့် နိုင်ငံခြားသားများ၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ ဩဂုတ်လ ၀၈ ရက်တွင် မြဝတီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းသည် ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မယ်ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ လုပ်ဆောင် ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၉ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း နိုင်ငံခြားသား (၂၀)ဦးတို့ကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းခဲ့သည်။ အဆိုပါ နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မြဝတီခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ကြီးကြပ်မှုဖြင့် ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်း များကို စနစ်တကျ စာရင်းကောက်ယူခြင်းလုပ်ငန်းအား နေ့ချင်ပြီး ဆောင်ရွက်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဩဂုတ်လ ၂၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၉၃၃၁ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၀၉၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေး ခဲ့ပြီး ကျန်ရှိသည့် နိုင်ငံခြားသား ၂၃၃ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်း ပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။