ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ ဇူလိုင်လ ၃၀ ရက်တွင် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းသည် ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား (၁၈)ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံ သို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု ၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံ၍ ပြည်နှင် လွှဲပြောင်းပေးခဲ့ပါသည်။
ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် နိုင်ငံခြားသားများ၏ ဖွင့်ဟဝန်ခံချက်များ အရ ၎င်းတို့အများစုသည် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခဲ့ပြီး မဲဆောက်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့သို့ နယ်စပ်လမ်းကြောင်းများမှ တရား မဝင် ဝင်ရောက်နေထိုင်ပြီး မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများရှိ နိုင်ငံခြားသားများ ငှားရမ်းထားသည့် နေရာ၊ အဆောက် အဦများတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုလုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်း ခံခဲ့ကြရသူများ ဖြစ်ကြသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဇူလိုင်လ ၃၀ ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၉၃၂၁ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၀၇၈ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် နိုင်ငံခြားသား ၂၄၃ ဦးကို သက်ဆိုင်ရာနိုင်ငံ အသီးသီးသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။