မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းမှ ယူဂန္ဓာနိုင်ငံသား ၂၆ ဦးအား ထပ်မံလွှဲပြောင်းပေးအပ်ခြင်းတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ မေလ ၁၉ ရက်တွင် တရားမဝင် ယူဂန္ဓာနိုင်ငံသား ၂၆ ဦး အား မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင် လွှဲပြောင်းပေးသည်။ ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် နိုင်ငံခြားသားများ၏ ဖွင့်ဟဝန်ခံချက်များ အရ ၎င်းတို့အများစုသည် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခဲ့ပြီး မဲဆောက်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့သို့ နယ်စပ်လမ်းကြောင်းများမှ တရား မဝင်ဝင်ရောက်နေထိုင်ပြီး မြဝတီမြို့- ကျောက်ခတ်နယ်မြေရှိ နိုင်ငံခြားသားများ ငှားရမ်းထားသည့် နေရာ၊ အဆောက် အဦများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုလုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်း ခံခဲ့ကြရသူများ ဖြစ်ကြသည်။ အဆိုပါပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့်အဆင်ပြေ ချောမွေ့စေရေးအတွက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။