ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ မတ် ၂၅ ရက်တွင် တရားမဝင် ဖိလစ်ပိုင်နိုင်ငံသား (၁၇၆) ဦး၊ မလေးရှားနိုင်ငံသား (၂၄) ဦး၊ နီပေါနိုင်ငံသား (၄) ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား (၃) ဦး၊ စုစုပေါင်းနိုင်ငံခြားသား (၂၀၇) ဦးတို့ကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံ၍ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပါသည်။
ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် နိုင်ငံခြားသားများ၏ ဖွင့်ဟဝန်ခံချက်များ အရ ၎င်းတို့အများစုသည် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခဲ့ပြီး မဲဆောက်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့သို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်နေထိုင်ပြီး မြဝတီမြို့- မယ်ထော်သလေးနယ်မြေရှိ နိုင်ငံခြားသား များ ငှားရမ်းထားသည့် နေရာ၊အဆောက်အဦများတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှု လုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်း ခံခဲ့ကြရသူများဖြစ်ကြသည်။
အဆိုပါပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့်အဆင်ပြေ ချောမွေ့စေရေးအတွက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။